ရင်ခွင်ဗုံတီးသံတွေ ကောင်းကင်ထက်မှာ
ပျံ့ လွင့်နေတယ်...
ကြာသံနဲ့ ကူနေတဲ့  ဂျိုးဌက်လေးတွေကူသံနဲ့ အတူ
အိပ်မက်ခွာသံတွေ ရောနှောနေတဲ့ ဂမ္ဘီရတောထဲမှာ
ခပ်စိမ်းစိမ်းတိုက်ခိုက်လာတဲ့ စောင်းသံလေးဟာ
အတိတ်ကမြူကျချိန်ကို ပြန်လွမ်းစေမိတယ်....
တနလာင်္ထောင့်က မွန်းတည့်ချိန်မှာ
ဆုတောင်းဘူးတဲ့ ၀ိဥာဉ်စိတ်ကူးတွေ
မှတ်တိုင်အရောက်မှာ မီးရှို့ ပြာချခြင်းကိုခံခဲ့ရပါလား....
သနပ်ခါးပါးကွက်ကြားလေးနဲ့  တမျိုးလှပနေတဲ့
ကဝေပျိုမလေးတစ်ယောက်ဆီက နူးညံ့တဲ့
အနမ်းတစုံရဖို့  ဆောင်းနေ့ ရက်တွေကို
ခုတ်ထွင်ရှင်းလင်းလို့  မေတ္တာအိမ်လေးတည်ဆောက်တော့မယ်.....
လွမ်းပါတယ်ဆိုတဲ့ စကား
ချစ်ပါတယ်ဆိုတဲ့ ဒီစကား
မြို့ ပြထက်က မီးရောင်ထက်တော့ မလင်းလက်နိုင်ပါဘူး...
အမှတ်စဉ်မတပ်ရသေးတဲ့ မြေကြီးပေါ်က
သစ်ရွက်လေးတွေထဲမှာ ရှင်သန်ဖို့ ဇာတာ
ပျောက်ဆုံးနေပြီ..
ဟိုတနေ့ ကပေါ့ .... အိပ်မက်ရာဇ၀င်ထဲမှာ
ကြိုးမိန့် ပေးပြီးတော့ ငါ့ကိုယ်ငါဝတ်ဆင်ခဲ့ရတဲ့
သေမိန့် နေ့ ကို ငါ့ရင်ဘတ်ထဲမှာ သော့ခတ်လိုက်ရပါလား....
မိုးစက်လေးတွေ တဖွဲဖွဲရွာကျနေပါလား
အမေ့ရဲ့  သားချော့တေးလေးလဲ
တိုးညှင်းစွာနဲ့  ဆိုညဉ်းနေတယ်...
ပုပ်သိုးနေတဲ့ ပန်းသီးတလုံးကို မြိန်ယှက်စွာစားသုံးရင်း
နွေညအလွမ်းတွေကို ကန်ရေပြင်ထဲမျှောချခဲ့ရတဲ့
နေ့ တွေများလွန်းနေတယ်......(ကဝေပျိုမလေးရေ..)
မနက်ခင်းကို ကော်ဖီခွက်ထဲထည့်မွှေလို့ 
ဖက်ကြမ်းတလိပ်ကို အဖော်လုပ်ခဲ့ရတဲ့နေ့ တိုင်းမှာ
အသင်မိန်းမပျို......
သင်ကတော့...... ရင်ဘတ်ဗုံကိုတီးပြီး
ခုနစ်ထွေအကနဲ့ အတူ လေချွန်နေတယ်.....
စံပယ်ကုံးလေးတွေ ဆံနွယ်ထက်မှာ ခြောက်သွေ့ စွာနဲ့ 
ကပိုကရိုလေး ကကျနေတဲ့ပုံစံလေးက
ကြေးနီရောင်တက်နေတဲ့ နေ့ ရက်လေးကို
အင်ပါယာတည်ဆောက်သွားတယ်...
ယဉ်ကျေးမှူနဲ့ ဖက်တွယ်ခဲ့တဲ့
နှာမှူတ်သံနဲ့ အတူ သံယောဇဉ်တီးလုံးတွေ
ရောယှက်ခဲ့တာ စစ်ဘုရင်စစ်ထွက်တိုက်မယ့်စစ်ချီတေးနဲ့ 
အပြိုင်ပါလား.....
တကယ်တော့ကျနော်ဟာ
မမက်သင့်တဲ့အိပ်မက်ရှည်ထဲမှာ လမ်းထလျှောက်နေတဲ့
လူတယောက်ဖြစ်နေတာ နည်းနည်းကြာသွားတယ်....
ဇေယျာ
No comments:
Post a Comment