တို့တွေ... သစ်ပုတ်ပင်အိုမှာ
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့်ရှင်းရေး လုပ်ခဲ့ တာလေး
ငါတော့ အမှတ်ရနေသေးတယ်....။
ကံ့ကော်တောရဲ့ သင်းပျံရနံ့ ကို
ရှူရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ ပြယ်သော ချယ်ရီတောကို
ငေးမော ခဲ့ရတဲ့ အခိုက်အတန့်လေး
ငါတော့ ပြန်လွမ်းမိသေးတယ်....။
ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့် အခါမသင့်ခဲ့ပေမယ့်
ချစ်သူကိုကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့....။
ဂျင်ဆင်လမ်းထက် ချစ်ဦးသူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက် လက်ဆွဲအိတ်ကိုဆွဲ
လက်အပြည့်လွှဲ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်း
ငါတော့ အခုထိ ရဲရင့်နေဆဲပဲ....။
လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့တွေမခိုလှုံခဲ့ ကြရပေမယ့်
ချယ်ရီရိပ်ပျို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကို မြိုချ ချွေးစက်တွေ ခါထုတ်ခဲ့ရတဲ့
ထိုထို နှစ်များကိုတော့ ငါတို့
ဘယ်လိုမေ့လို့ ရမှာလည်းကွာ....................။
စံပယ် ရဲ့ မောင်
No comments:
Post a Comment